ကျွန်တော်ကတော့ ဦးသူထက်အောင်ပါ။ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီတပ်ခွဲမှူးပါ။ ကျွန်တော် ကြက်ခြေနီထဲကို ၁၉၉၄ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ယောက်ဖြစ်လာတော့ လူတွေရဲ့အသက်ကို ပိုပြီးတန်ဖိုးထားတတ်လာတယ်။ လူတွေကိုပိုပြီးစာနာနားလည်လာတဲ့အတွက် လူမှုကရုဏာအကူအညီပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပေါ်လာပြီးတဲ့ ၂၀၂၀ ခုနှစ်မှာတော့ ကြက်ခြေနီစေတနာလုပ်အားရှင်မျိုးဆက်သစ်တွေနဲ့ မြို့ကြက်ခြေနီအသင်းခွဲငယ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ယခုလက်ရှိမှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ သွေးလှူရှင်ရှာဖွေခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုပေးခြင်းနှင့် ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးကုသမည့်လူနာများ သွားလိုရာ ဆေးရုံ၊ ဆေးခန်းများသို့ ကူညီပို့ဆောင်ပေးခြင်း စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
ကျွန်တော်ကူညီပေးခဲ့တဲ့အမှတ်တရတစ်ခု
လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျွန်တော်တို့မြို့အနောက်ဘက်မှာ ခိုက်ရန်ဖြစ်ပွားပြီး လည်ပင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူကို ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ဆင်ဖြူကျွန်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ လူနာကို စိတ်ပိုင်းဆိုင်ရာအားပေးစကားတွေပြောပြီး လူနာသတိမလစ်အောင် ဆောင်ရွက်ခဲ့ပေမယ့် ဒီလူနာကြာကြာမနေနိုင်ဘူးလို့ စိတ်ထဲမှာ တွေးမိပါတယ်။ ဒီလိုနဲ့နောက် (၃) လလောက်ကြာတော့ ကျွန်တော်တို့ကူညီပေးလိုက်တဲ့ လည်ပင်းထိခိုက်ဒဏ်ရာနဲ့လူက ဈေးထဲမှာ ဈေးအော်ရောင်းနေတာမြင်လိုက်ရပါတယ်။ ကျွန်တော်ကူညီလိုက်တဲ့ ဒီလူအသက်ရှင်နေသေးတယ်၊ စကားလည်းပြောနိုင်တယ်ဆိုပြီး ကျွန်တော့်စိတ်ထဲ ပီတိစိတ်တွေနဲ့မျက်ရည်လည်ခဲ့ရပါတယ်။ ဒါပေမယ့် သူကတော့ အဲ့ဒီညက သူ့ကို ကူညီခဲ့တာ ကျွန်တော်တို့မှန်း မသိဘူးထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့
“ ကြက်ခြေနီဆိုတာ အမည်၊ ရာထူးနေရာတွေ ထင်ပေါ်ဖို့အတွက် ကူညီနေတာမဟုတ်ဘူးလို့ စိတ်ထဲက ရေရွတ်မိပါတယ်”
#WorldHumanitarianDay