19/ Dec/ 2018
11/ Dec/ 2018
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်မှ ၈ ရက်နေ့ထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် မသန်စွမ်းအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့သည့် အကြိမ် ၃၀ မြောက် မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဘားအံခြေတုလက်တုပြန်လည် သန်စွမ်းရေးဌာနမှ အားကစားသမား ၁၃ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါ အားကစားသမားများသည် ပြေးခုန်ပစ်၊ ဘီးတပ်ကုလားထိုင်စီး ဘက်စကတ်ဘော၊ ရေကူး၊ အပြေးနှင့် စားပွဲတင်တင်းနစ် စသည့်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆပ် ၁၁ ဆု၊ ငွေတံဆိပ် ၄ ဆုနှင့် ကြေးတံဆိပ် ၅ ဆု၊ စုစုပေါင်း ဆုပေါင်း ၂၀ ဆွတ်ခူးရရှိခဲ့ကြခြင်းအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ များစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဖော်ပြအပ်ပါသည်။
16/ Oct/ 2018
= = = နေပြည်တော်၊ အောက်တိုဘာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၇)ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့ထိ နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်လျှက်ရှိပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများတွင် အနီးကပ် ပူးပေါင်း ပါဝင်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (ဖက်ဒရေးရှင်း)နှင့် မိတ်ဖက် အမျိုးသား ကြက်ခြေနီ/ လခြမ်းနီအသင်း ၁၅ သင်းမှ ကိုယ်စားလှယ်များ တက်ရောက်လျှက်ရှိပါသည်။ အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော ၆ ကြိမ်မြောက် မိတ်ဖက်ကြက်ခြေနီအသင်းများ အစည်းအဝေးတွင် ချမှတ်ခဲ့သော အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ မိတ်ဖက်အမျိုးသားအသင်းများနှင့် သဘော တူညီထားသော မူဘောင်များကို ခြုံငုံသုံးသပ်ရန်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်ဆောင်ရွက် နေသော အမျိုးသားအသင်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် အသင်း၏ မဟာဗျူဟာ ၂၀၂၀ နှင့်အညီ ဆောင်ရွက်နေမှုများအပေါ် လူမှုကရုဏာလုပ်ငန်းများတွင် မိတ်ဖက်အမျိုးသားအသင်းများအနေဖြင့် ပိုမိုပံ့ပိုးပေးနိုင်မည့် လုပ်ငန်းနယ်ပယ် များ ရှာဖွေ သတ်မှတ် သွားမည်ဖြစ်ပါသည်။
15/ Oct/ 2018
= = = နေပြည်တော်၊ အောက်တိုဘာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျင်းပပြုလုပ်သည့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေး အစီအစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး (Red Cross Seminar on “Coalition for Resilience in Myanmar” ) ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် နေပြည်တော်ရှိ M-Gallery Hotel၊ Ayeyarwady Ballroom ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ပါမောက္ခ ဒေါက်တာသာလှရွှေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့် အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကောင်စီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ (ICRC)၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များနှင့် ကိုယ်စားလှယ်တော်များ၊ UNနှင့် နိုင်ငံတကာအသင်းများမှ ကိုယ်စားလှယ်တော်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်မိန့်ခွန်း မြွက်ကြားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အမှာစကားပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူမှ လူမှုကရုဏာအကူအညီ လိုအပ်ချက်များနှင့် နိုင်ငံတစ်ဝန်း ဦးတည်ဆောင်ရွက်မှုများ၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်တင်ရေးအတွက် ပိုမိုထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြောကြား ဆွေးနွေး တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများအသင်း ဖက်ဒရေးရှင်းမှ under Secretary General Mr. Jagan Chapagain က ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ရေး ဆွေးနွေးတင်ပြခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr. Stephan Pierre Sakalian က ပဋိပက္ခနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူများ အကြောင်း ကို ဆွေးနွေးခဲ့ကြပါသည်။ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေမှ ဦးဆောင်၍ ဖိတ်ကြားထားသော အတတ်ပညာရှင် အသိပညာရှင်များက ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များမှ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
13/ Sep/ 2018
= = = လားရှိုး၊ စက်တင်ဘာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လားရှိုးမြို့ နယူးပဲလေ့ဟိုတယ် (New Palace Hotel )၌ စက်တင်ဘာလ ၁၂ နေ့မှ ၁၃ ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်း အလုပ်အမှုဆောင် ဒုတိယတပ်ဖွဲ့မှူးချုပ် ဦးဂဲနက်စ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်း မှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လားရှိုးတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မေသူလင်းမှ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးပုံစံအား ရှင်းလင်းပြောကြားခြင်း ၊ ပြည်နယ်တပ်ဖွဲအုပ်ချုပ်ရေးအဖွဲ့ တပ်ဖွဲ့မှူး ဦးထွန်းထွန်းဦးမှ အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲထားသော တပ်ဖွဲ့ ဖွဲ့စည်းပုံအသစ်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် မြို့နယ် အသင်းခွဲ အမှုဆောင်များမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းခြင်း၊ အစည်းအဝေးသို့ (ဝ) နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ် ၂ မြို့နယ်၊ ခရိုင် (၄)ခရိုင်မှ ကြီးကြပ်မှုကော်မတီဝင်များ၊ (၁၃) မြို့နယ်မှ အမှုဆောင်များ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ခံများ နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ စုစုပေါင်း (၅၁) ဦးတက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ Credit; OD Dept;
08/ Sep/ 2018
=== နေပြည်တော်၊ စက်တင်ဘာလ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်း ဆိုင်ရာ စွမ်းရည်ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဌာနချုပ်၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်အလုပ် အမှုဆောင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာစီ)မှ ဌာနေကိုယ်စားလှယ် Mr.Stephan Pierre Sakalian နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူ များနှင့် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် ဆုများရရှိသော ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် - “ နိုင်ငံတစ်ဝန်းနေ့စဉ် ကြုံတွေ့နေရသည့် မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ် များနှင့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ကြုံတွေ့ရသ်ည့ ထိခိုက်ဒဏ်ရာရရှိသူများကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာ ခွဲခြားခြင်းမရှိဘဲ လူသားချင်း စာနာထောက်ထားမှုအပေါ် အခြေခံကာ ရှေးဦးပြုစုခြင်းဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင် များအားလုံးကို အထူးပင် ချီးကျူးမှတ်တမ်းတင်ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့၏ ဆောင်ပုဒ်မှာ “လမ်းပေါ်မတော်တဆဖြစ်မှုများ၊ ရှေးဦးပြုစုခြင်းဖြင့် ချက်ချင်းတုန့်ပြန်ဆောင်ရွက်ပေး” “First Response to Road Crashes” ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းနေ့စဉ်ဖြစ်ပွားနေသည့် မတော်တဆဖြစ်မှုများတွင် လမ်းမတော် တဆဖြစ်မှုများသည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ရပ်ရွာလူထုအနေဖြင့် လမ်းပေါ်တွင် အန္တရာယ် ဖြစ်ပွားနိုင်သည့် နေရာများကို သိရှိစေရေးနှင့် မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ သိရှိစေရေးအပြင် လူတိုင်း အသက်အရွယ်မရွေး ရှေးဦးပြုစုခြင်းနည်းစနစ်များ တတ်မြောက်ပြီး လမ်းပေါ်တွင် မတော်တဆဖြစ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ယုံကြည်မှုအပြည့်ဖြင့် ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်ရေးအတွက် ရပ်ရွာလူထုအတွင်း ရှေးဦးပြုစုခြင်းပညာရပ်များကို ပြန့်ပွားနိုင်စေရန် ကြက်ခြေနီစေတနာလုပ်အားရှင်များက အဓိကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သူများအား ဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူ က အမှတ်ပေးဒိုင်များကိုယ်စား နည်းပြဦးတင်ကိုအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့ပါသည်။ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ ရပ်ရွာလူထုအဆင့်ပြိုင်ပွဲ (နေပြည်တော်)တွင် ပထမဆုရရှိသည့် ရွှေလူငယ်ပရဟိတအသင်းမှ မောင်သော်လွင်ထက၊ ဒုတိယရရှိသည့် ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ မခင်စန္ဒာကျော်နှင့် တတိယဆုရရှိသည့် ရွှေလူငယ် ပရဟိတ အသင်းမှ မဇင်မာဝေနှင့် ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ မခင်မီမီလွင် တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်သိန်းဌေးက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ ရပ်ရွာလူထုအဆင့် ပြိုင်ပွဲ (ရန်ကုန်တိုင်းဒေသကြီး) တွင် ပထမဆုရရှိသူ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ မသိမ့်သိမ့်မြင့်၊ ဒုတိယဆုရရှိသည့် တွံတေးမြို့နယ်မှ မခိုင်မာဦးနှင့် တတိယဆုရရှိသည့် သာကေတမြို့နယ်မှ မောင်သက်လွင်ဦးတို့အား ICRC မှ Mr. Stephan Pierre Sakalian က ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ထို့နောက် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ အခြေခံပညာကျောင်း အဆင့်ပြိုင်ပွဲ (နေပြည်တော်) တွင် ပထမဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မဇင်ဇင်ထူး၊ ဒုတိယဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မအိမ့်ရတနာဦးနှင့် တတိယဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မောင်အောင်ပြည့်စုံ၊ အထကသဲတောကြီး လယ်ဝေးမှ မောင်ဟိန်းထက်ဖြိုးတို့အား အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ အခြေခံပညာအဆင့်ပြိုင်ပွဲ (ရန်ကုန် တိုင်းဒေသကြီး) တွင် ပထမဆုရရှိသည့် အထက၂ သာကေတမှ မယွန်းနွယ်အောင်၊ အထကခွဲ ၄ ရွှေပြည်သာမှ မောင်ဆန်းပွင့်နှင့် အထက ၁ သုံးခွ မြို့နယ်မှ မောင်ရဲဝင့်အောင်တို့အား အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းကလည်းကောင်း၊ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ တက္ကသိုလ်ကောလိပ်အဆင့်ပြိုင်ပွဲ (ရန်ကုန်တိုင်းဒေသကြီး)တွင် ပထမဆုရရှိသည့် ဒဂုံတက္ကသိုလ်မှ မောင်ပိုင်သန့်ကိုကို၊ ဒုတိယဆုရရှိသည့် ဒဂုံတက္ကသိုလ်မှ မောင်အောင်ကျော်ဟိန်းနှင့် တတိယဆုရရှိသည့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ မသီရိအောင်တို့အား အချိန်ပြည့် အလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါက်တာဒေါ်အမယာမော်နိုင်ကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ပါသည်။
02/ Sep/ 2018
= = = မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် ဘေးအန္တရာယ်ကျရောက်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ၊ သိုင်းဝကျေးရွာအုပ်စု ၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် လျှပ်တပြတ် ရေလွှမ်းမိုးခြင်းခံရသော ကျေးရွာများအနက်မှ ကနဦးဆန်းစစ်ချက်များအပေါ် မူတည်၍ ကျွန်းတောစု ကျေးရွာသို့ မိသားစုအသုံးအဆောင်ပစ္စည်းများ Family Kit (၁၇၈)ပုံး၊ တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်းများ Hygiene Kit (၂၀၀)ပုံး နှင့် အရေးပေါ်မီးဖွားသန့်စင်သုံးပစ္စည်း (၂)အိတ် တို့ကို ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဌာန၊ စီမံရေးရာဌာနမှ ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ NDRT/ERT အဖွဲ့ဝင်များအပါအဝင် ကြက်ခြေနီ စေတနာ့လုပ်အားရှင် တပ်ဖွဲ့ဝင်များ၊ ယက်ကန်းစင် ဓ္မပါလကျောင်းတိုက်ဆရာတော် အရှင်တေဇိန္နနှင့် ပရဟိတကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ ကျား (၁၉၅)၊ မ (၂၂) စုစုပေါင်း (၂၁၇)ဦးတို့မှ အမြန်လမ်းဘေး(၁၆၉)မိုင် (၃)ဖာလုံ သရက်ဆိပ်ကျေးရွာမှတဆင့် ကျွန်းတောစုကျေးရွာသို့ အသွားအပြန် (၆)နာရီကျော်သွားရောက်ကာ ပစ္စည်းများအား ကျေးရွာအရောက် ရွာသားများနှင့်အတူ ပို့ဆောင်ပေးခဲ့ပါသည်။ Credit; MRCS EOC
01/ Sep/ 2018
= = = ရေတာရှည်၊ သြဂုတ် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာ အုပ်စု၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ရုတ်တရက် ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆွာမြို့အနီးဝန်းကျင်ရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းရေဘေးသင့် ကျေးရွာများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်ဦးဆောင်သော NDRT နှင့် ERT အဖွဲ့ဝင်များမှ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ကျေးရွာအတွင်း ရေဘေးကြောင့်ထိခိုက်ခံစားရမှု အခြေအနေများနှင့် လိုအပ်ချက်များကို ကနဦးဆန်းစစ်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ အဆိုပါ ကနဦးဆန်းစစ်ချက်များအရ ရေဘေးသင့်ကျေးရွာများရှိ အိမ်ထောင်စုများအတွက် ထိရောက်သော အကူအညီ ထောက်ပံ့မှုများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျှက်ရှိကြော င်း သတင်းရရှိပါသည်။ Credit; MRCS EOC
21/ Aug/ 2018
= = = ကျိုက်မရော၊ သြဂုတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အထ္ထရံကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၁၁၀) စုတို့အား ထောက်ပံ့ပစွည်းများကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် သွားရောက် ပေးအပ် ထောက်ပံ့ခဲ့ကြပါသည်။ ထောက်ပံ့ပစွည်းများအဖြစ် စင်္ကာပူကြက်ခြေနီအသင်းမှ ရေသန့်စင်စက်(အသေး)၊ ဆန်၊ ငါးသေတ္တာ၊ ဆီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပြည်တွင်းအလှူရှင်များမှ လာရောက်လှူဒါန်းသော သောက်ရေသန့်၊ ငပြာရည်ကြော်/ငါးပိကြော်၊ အဝတ်အစားများ၊ ကလေးပစွည်းများ၊ ကလေးကစားစရာများနှင့် Dignity Kit၊ Life Jacket၊ First Aids Kitနှင့် အခြားလိုအပ်သည်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယ ဥက္ကဌ ဦးမျိုးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သောင်းရွှေနှင့် တာဝန်ရှိသူများ၊ စင်္ကာပူကြက်ခြေနီမှ Aye Hnin Yu (Team Leader)၊ Aug Ja Jie Rex (Operation Specialist) နှင့် Ann Ong Sze Ying (Communication Officer)၊ ဒေသခံ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက် ထောက်ပံ့ခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ပစွည်းများကို သွားရောက် ထောက်ပံ့သွားမည်ဖြစ်သည်။ [caption id="attachment_1538" align="alignnone" width="400"] ?[/caption]