19/ Feb/ 2018
အသက် ၅၆ နှစ်ရှိပြီးဖြစ်သော ဒေါ်တိုးမစိန်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မြောက်ပိုင်း ကီလိုမီတာ အနည်းငယ် ကွာဝေးသည့် ကျောက်တံချေရွာလေးက ရက်ကန်းရက်သူတစ်ဦးဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်အတွင်း ရေဘေး၊ အကြမ်းဖက်မှုတို့ကြောင့် ထိခိုက်ခံစားရသူများကို အကူအညီပေးနေသည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အသက်မွေးဝမ်းကြောင်း အတွက် ငွေကြေး ထောက်ပံ့ခြင်းကို လက်ခံရရှိသူ ၆၇၀ ဦးအနက် တစ်ဦးဖြစ်ခဲ့သည်။
တစ်နှစ်အကြာတွင်တော့ သူမရဲ့ ရင်းနှီးမြှပ်နှံမှုက အကျိုးခံစားရပါပြီ။
“ ငွေကြေးပံ့ပိုးမှုမရခင်က ကျွန်မရဲ့ဝင်ငွေက အရမ်းနည်းခဲ့ပြီး စားဖို့တောင် မလောက်ခဲ့ပါဘူး။ တနေ့ထမင်းနှစ်နပ်တော့ နပ်မှန်ပေမယ့် အသားဟင်းမစားနိုင်ခဲ့ပါဘူး။”
“ ကျွန်မအမျိုးသားက လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ဆုံးပါးသွားခဲ့ပြီး သားသမီး ခြောက်ယောက်ကျန်ခဲ့ ပါတယ်။ အခု ငါးယောက်က အဝေးကိုရောက်နေပြီး သူတို့ဆီကနေပြီး လုံလောက်တဲ့အထောက်အပံ့လဲမရပါဘူး။”
“ ကြက်ခြေနီက ငွေကြေးထောက်ပံ့ဖို့စီစဉ်နေတယ်ဆိုတာကြားရတော့ ကျွှန်မရဲ့ရက်ကန်းလုပ်ငန်းမှာ အရင်းအနှီး ထပ်ထည့်ချင်တဲ့ အတွက် ကျွန်မမိတ်ဆွေကို ဘယ်လိုလျှောက်လို့ ရလဲ မေးခဲ့ပါတယ်။ ကျွန်မ မြန်မာကျပ်ငွေ တစ်သိန်းကိုးသောင်းငါးထောင်ကျပ် (အမေရိကန်ဒေါ်လာ ၂၀၀ ခန့်) လက်ခံရရှိခဲ့ပြီး အဲ့ဒီငွေနဲ့ ရက်ကန်းလုပ်ငန်း အတွက် လိုအပ်တဲ့ ပစွည်းတွေနဲ့ ချည်မျှင်တွေဝယ်ခဲ့ပါတယ်။
ထောက်ပံ့ငွေမရခင်က ချည်ထည်သေးသေးလေးတွေဘဲ ရက်လုပ်နိုင်ပြီး ရောင်းရင်လဲ တစ်ထည်ကို သုံးထောင့်ငါးရာလောက်ပဲ ရတယ်။ အမြတ်လဲသိပ်မကျန်ဘူး။ အခုဆိုရင် ကြက်ခြေနီကထောက်ပံ့ပေးတဲ့ ငွေနဲ့ ဝယ်ထားတဲ့ပစွည်းအသစ်တွေကြောင့် လုံခြည်တွေပါ ရက်လုပ်နိုင်ခဲ့ပါတယ်။ ဈေးက လုံခြည်တစ်ထည်ကို တစ်သောင်းခွဲ (ဒေါ်လာ၁၀ ဝန်းကျင်) ခန့်ရပါတယ်။ ဒါ့ကြောင့် ငွေပိုပြီးရှာနိုင်လာပါတယ်။ ကြက်ခြေနီက ကျွှန်မဘဝကိုပြောင်းလဲစေခဲ့ပါတယ်။
အရင်က အရမ်းလှုပ်ရှားရုန်းကန်ခဲ့ရပြီး အခုတော့လိုအပ်ရင် သုံးဖို့ လစဉ် အပိုငွေ နည်းနည်း စုနိုင်လာပါပြီ။ လွန်ခဲ့တဲ့လအနည်းငယ်က ကျွန်မနေမကောင်းဖြစ်ပြီး ဆေးရုံတက်ခဲ့ရပြီး စုထားတဲ့ ပိုက်ဆံ သုံးသိန်း (ဒေါ်လာ ၃၀၀ ခန့်) ကို ဆေးရုံ စရိတ်အဖြစ် အသုံးပြု နိုင်ခဲ့တယ်။ တကယ်လို့များ စုထားတဲ့ငွေမရှိလို့ ဆေးရုံမသွားနိုင်ရင် အခုအချိန်မှာ ဘာဖြစ်နေမလဲ ကျွှန်မ မပြောနိုင်ဘူးလေ။
အခုလဲ ငွေထပ်စုဖို့ ကြိုးစားနေတယ်။ အခုတော့ စားချင်တာလေးတွေကို စားနိုင်၊ သောက်နိုင်လာပြီး ဘဝက သာယာလာပါပြီ။