၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့နှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည် ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

  08/ Sep/ 2018

=== နေပြည်တော်၊ စက်တင်ဘာလ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်း ဆိုင်ရာ စွမ်းရည်ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဌာနချုပ်၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်အလုပ် အမှုဆောင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာစီ)မှ ဌာနေကိုယ်စားလှယ် Mr.Stephan Pierre Sakalian နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူ များနှင့် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် ဆုများရရှိသော ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် – “ နိုင်ငံတစ်ဝန်းနေ့စဉ် ကြုံတွေ့နေရသည့် မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ် များနှင့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ကြုံတွေ့ရသ်ည့ ထိခိုက်ဒဏ်ရာရရှိသူများကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာ ခွဲခြားခြင်းမရှိဘဲ လူသားချင်း စာနာထောက်ထားမှုအပေါ် အခြေခံကာ ရှေးဦးပြုစုခြင်းဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင် များအားလုံးကို အထူးပင် ချီးကျူးမှတ်တမ်းတင်ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့၏ ဆောင်ပုဒ်မှာ “လမ်းပေါ်မတော်တဆဖြစ်မှုများ၊ ရှေးဦးပြုစုခြင်းဖြင့် ချက်ချင်းတုန့်ပြန်ဆောင်ရွက်ပေး” “First Response to Road Crashes” ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းနေ့စဉ်ဖြစ်ပွားနေသည့် မတော်တဆဖြစ်မှုများတွင် လမ်းမတော် တဆဖြစ်မှုများသည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ရပ်ရွာလူထုအနေဖြင့် လမ်းပေါ်တွင် အန္တရာယ် ဖြစ်ပွားနိုင်သည့် နေရာများကို သိရှိစေရေးနှင့် မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ သိရှိစေရေးအပြင် လူတိုင်း အသက်အရွယ်မရွေး ရှေးဦးပြုစုခြင်းနည်းစနစ်များ တတ်မြောက်ပြီး လမ်းပေါ်တွင် မတော်တဆဖြစ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ယုံကြည်မှုအပြည့်ဖြင့် ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်ရေးအတွက် ရပ်ရွာလူထုအတွင်း ရှေးဦးပြုစုခြင်းပညာရပ်များကို ပြန့်ပွားနိုင်စေရန် ကြက်ခြေနီစေတနာလုပ်အားရှင်များက အဓိကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သူများအား ဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူ က အမှတ်ပေးဒိုင်များကိုယ်စား နည်းပြဦးတင်ကိုအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့ပါသည်။ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ ရပ်ရွာလူထုအဆင့်ပြိုင်ပွဲ (နေပြည်တော်)တွင် ပထမဆုရရှိသည့် ရွှေလူငယ်ပရဟိတအသင်းမှ မောင်သော်လွင်ထက၊ ဒုတိယရရှိသည့် ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ မခင်စန္ဒာကျော်နှင့် တတိယဆုရရှိသည့် ရွှေလူငယ် ပရဟိတ အသင်းမှ မဇင်မာဝေနှင့် ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ မခင်မီမီလွင် တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်သိန်းဌေးက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ ရပ်ရွာလူထုအဆင့် ပြိုင်ပွဲ (ရန်ကုန်တိုင်းဒေသကြီး) တွင် ပထမဆုရရှိသူ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ မသိမ့်သိမ့်မြင့်၊ ဒုတိယဆုရရှိသည့် တွံတေးမြို့နယ်မှ မခိုင်မာဦးနှင့် တတိယဆုရရှိသည့် သာကေတမြို့နယ်မှ မောင်သက်လွင်ဦးတို့အား ICRC မှ Mr. Stephan Pierre Sakalian က ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ထို့နောက် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ အခြေခံပညာကျောင်း အဆင့်ပြိုင်ပွဲ (နေပြည်တော်) တွင် ပထမဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မဇင်ဇင်ထူး၊ ဒုတိယဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မအိမ့်ရတနာဦးနှင့် တတိယဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မောင်အောင်ပြည့်စုံ၊ အထကသဲတောကြီး လယ်ဝေးမှ မောင်ဟိန်းထက်ဖြိုးတို့အား အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ အခြေခံပညာအဆင့်ပြိုင်ပွဲ (ရန်ကုန် တိုင်းဒေသကြီး) တွင် ပထမဆုရရှိသည့် အထက၂ သာကေတမှ မယွန်းနွယ်အောင်၊ အထကခွဲ ၄ ရွှေပြည်သာမှ မောင်ဆန်းပွင့်နှင့် အထက ၁ သုံးခွ မြို့နယ်မှ မောင်ရဲဝင့်အောင်တို့အား အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းကလည်းကောင်း၊ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ တက္ကသိုလ်ကောလိပ်အဆင့်ပြိုင်ပွဲ (ရန်ကုန်တိုင်းဒေသကြီး)တွင် ပထမဆုရရှိသည့် ဒဂုံတက္ကသိုလ်မှ မောင်ပိုင်သန့်ကိုကို၊ ဒုတိယဆုရရှိသည့် ဒဂုံတက္ကသိုလ်မှ မောင်အောင်ကျော်ဟိန်းနှင့် တတိယဆုရရှိသည့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ မသီရိအောင်တို့အား အချိန်ပြည့် အလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါက်တာဒေါ်အမယာမော်နိုင်ကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ပါသည်။