ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲတွင် ပြုလုပ်

  01/ Nov/ 2021

ရန်ကုန်၊ ၂၀၂၁ခုနှစ်၊ အောက်တိုဘာ(၃၁)ရက်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှပြုလုပ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၁)သင်တန်းဆင်းပွဲကို အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက အဆိုပါ မြို့နယ်ကြက်ခြေနီ
အသင်းခွဲ၌ ပြုလုပ်ခဲ့ပါသည်။
လူနာကို ကျွမ်းကျင်သောဆေးပညာရှင်ထံ မရောက်မီ သက်သာစွာနေထိုင်နိုင်စေရန်၊ အချိန်မီပြုစုစောင့်ရှောက်တတ်စေရန်၊ ရှေးဦးပြုစုနည်းအတတ်ပညာများ တတ်မြောက်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးကျော်မိုးကြည်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီအောင်တို့က အမှာစကားများ
ပြောကြားခဲ့ကြပါသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များ၊ သင်တန်း ထူးချွန်ဆုနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေအတွင်းရေးမှူးနှင့် ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူး၊ အရှေ့ပိုင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ (၃)ရက်ကြာ ပြုလုပ်ခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူ(၃၉)ဦး တက်ရောက်ခဲ့ကြပါသည်။
ယခုကဲ့သို့ သင်တန်းဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သင်တန်းသား/သူများအနေ့နဲ့ ရှေးဦးပြုစုခြင်းကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး ပြည်သူတွေကို ပိုမို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်လို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ကပြောကြားခဲ့ပါသည်။ ယခုသင်တန်းတွင် သင်တန်းထူးချွန်ဆုအတွက် ငွေသားဆုများချီးမြှင့်နိုင်ရန် အသင်းခွဲဥက္ကဌ၊ ဒုတိယဥက္ကဌနှင့်အမှုဆောင်များက လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။