02/ Jan/ 2019
ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်မများ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ရှင် - ဒီနေ့ဟာ မင်္ဂလာရှိလှတဲ့ ၂၀၁၉ ခုနစ်ရဲ့ နှစ်သစ်ကူးအချိန် အခါသမယဖြစ်ပါတယ်။ အခုလို နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်မများ၊ ကြက်ခြေနီ အသင်းဝင်များနဲ့ မိဘပြည်သူအပေါင်း ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ် ပြောင်းလဲနေတဲ့ ရာသီဥတုရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် သဘာ၀ ဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားလေ့ရှိသလို လူတွေကြောင့်ဖြစ်ပွားတဲ့ ဘေးဒုက္ခတွေနဲ့ ကျန်းမာရေးပြဿနာ တွေကိုလည်း ကြုံတွေ့ခံစားနေကြရပါတယ်။ ကျွန်မတို့ ကြက်ခြေနီ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူ မည်သူ့ကိုမဆို ဆင်းရဲချမ်းသာမရွေး၊ နေရာဒေသမရွေး၊ အသားအရောင်ခွဲခြားမှု မရှိဘဲ ကြက်ခြေနီ စေတနာလုပ်အားရှင်များရဲ့ စွမ်းပကားဖြင့် နှစ်စဉ် ဘေးဒုက္ခခံစားရတဲ့ ပြည်သူလူထု သန်းပေါင်းများစွာကို လူမှုကရုဏာ အကူအညီများ ပေးလျက်ရှိပါတယ်။ ကြက်ခြေနီဆိုတာ မိမိတို့၏ ပင်ကိုယ် ကရုဏာစိတ်ဓါတ်ပေါ်မှာ အခြေခံပြီး စေတနာ၊ ဝါသနာကို အရင်းခံကာ လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ဂုဏ်သိက္ခာ၊ ကြက်ခြေနီ အသင်းရဲ့ ဂုဏ်သိက္ခာ၊ တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို စောင့်သိ လိုက်နာထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ရှင် - ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီစေတနာ လုပ်အားရှင်များအနေနဲ့ အသင်းက ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေး အစီအစဉ်မှာ အားလုံး ပူးပေါင်းပြီး မိမိတို့ တတ်သိထား သော အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများကို မိဘပြည်သူများ အတွက် မျှေ၀ ပေးစေလိုပါတယ်။ သို့မှသာ မိဘပြည်သူများအနေနဲ့ ပိုမိုကျန်းမာကြံ့ခိုင်ပြီး ငြိမ်းချမ်း သာယာသော လူမှုဘဝများကို တည်ဆောက်နိုင်ကြပြီး ကြုံတွေ့ လာနိုင်တဲ့ ဘေးအန္တရာယ်တွေ အတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်နဲ့ အညီ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြဖို့နဲ့ အတွေ့ အကြုံပေါ်မှုတည်ပြီး ရရှိလာတဲ့ အခက်အခဲတွေ၊ သင်ခန်းစာတွေ၊ အောင်မြင်မှုတွေကို လေ့လာ ဆန်းစစ်ကာ လူမှုကရုဏာလုပ်ငန်းတွေမှာ ထိရောက်စွာ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြည်သူနှင့် ကြက်ခြေနီ အတူလက်တွဲကာ လူမှုကရုဏာ ခရီးလမ်းကို မည်သို့သော စိန်ခေါ်မှု၊ မည်သို့သော ခက်ခဲမှု မျိုးကိုမဆို ကျောလွန်ပြီး အောင်မြင်စွာ ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူးအချိန်အခါသမယမှာ ဆန္ဒပြုဆုမွန်ကောင်းတောင်း အပ်ပါတယ်။ ပါမောက္ခဒေါက်တာဒေါ်မြသူ ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁-၁-၂၀၁၉)
19/ Dec/ 2018
=== နေပြည်တော်၊ ဒီဇင်ဘာလ ၁၉ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြက်ခြေနီအသင်း၊ ယူနန်ကြက်ခြေနီ အသင်းခွဲမှ ဒုတိယဥက္ကဌ Mr. Zhang Chengwen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဌာနချုပ်သို့ လာရောက်လေ့လာခဲ့ကြပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့် အမှုဆောင် ဦးကင်ဘွိုင်းနှင့် ဒေါက်တာဒေါ်အမယာ မော်နိုင်၊ အထွေထွေအတွင်းရေးမှူးဦးခင်မောင်လှ၊ အချိန်ပိုင်း အမှုဆောင်ဦးဂဲနက်စ်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်နှင့် တာဝန်ရှိသူများက လေ့လာရေးအဖွဲ့အား နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ယူနန်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်တွင် လက်မှတ်ရေး ထိုးခဲ့ကာ ယူနန်ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဌ Mr. Zhang Chengwen က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက လက်ခံခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်း သူနာတင်ယာဉ်လုပ်ငန်း မန်နေဂျာ ဒေါ်နီနီမိုးက သူနာတင်ယာဉ် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ Mr. Zhang Chengwen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းနှင့် သူနာတင်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းများ၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေမှုများကို လာရောက်လေ့လာ ခြင်းဖြစ်ပါသည်။ အဆိုပါခရီးစဉ်တွင် ယူနန်ကြက်ခြေနီအသင်းခွဲသည် ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်ရှိ ၁၁၅ မိုင်၊ ၂၀၂ မိုင်နှင့် နေပြည်တော် ရုံးချုပ်တို့ရှိ သူနာတင်ယာဉ်လုပ်ငန်းချောမွေ့စွာ လည်ပတ်နိုင်ရန် လုပ်ငန်း အသုံးစရိတ်အဖြစ် တရုတ်ယွမ် ၅၅၀,၀၀၀ ကိုလည်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်မည့် လုပ်ငန်းများ တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်
19/ Dec/ 2018
16/ Oct/ 2018
= = = နေပြည်တော်၊ အောက်တိုဘာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၇)ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့ထိ နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်လျှက်ရှိပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများတွင် အနီးကပ် ပူးပေါင်း ပါဝင်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (ဖက်ဒရေးရှင်း)နှင့် မိတ်ဖက် အမျိုးသား ကြက်ခြေနီ/ လခြမ်းနီအသင်း ၁၅ သင်းမှ ကိုယ်စားလှယ်များ တက်ရောက်လျှက်ရှိပါသည်။ အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော ၆ ကြိမ်မြောက် မိတ်ဖက်ကြက်ခြေနီအသင်းများ အစည်းအဝေးတွင် ချမှတ်ခဲ့သော အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ မိတ်ဖက်အမျိုးသားအသင်းများနှင့် သဘော တူညီထားသော မူဘောင်များကို ခြုံငုံသုံးသပ်ရန်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်ဆောင်ရွက် နေသော အမျိုးသားအသင်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် အသင်း၏ မဟာဗျူဟာ ၂၀၂၀ နှင့်အညီ ဆောင်ရွက်နေမှုများအပေါ် လူမှုကရုဏာလုပ်ငန်းများတွင် မိတ်ဖက်အမျိုးသားအသင်းများအနေဖြင့် ပိုမိုပံ့ပိုးပေးနိုင်မည့် လုပ်ငန်းနယ်ပယ် များ ရှာဖွေ သတ်မှတ် သွားမည်ဖြစ်ပါသည်။
15/ Oct/ 2018
= = = နေပြည်တော်၊ အောက်တိုဘာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျင်းပပြုလုပ်သည့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေး အစီအစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး (Red Cross Seminar on “Coalition for Resilience in Myanmar” ) ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် နေပြည်တော်ရှိ M-Gallery Hotel၊ Ayeyarwady Ballroom ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ပါမောက္ခ ဒေါက်တာသာလှရွှေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့် အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကောင်စီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ (ICRC)၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များနှင့် ကိုယ်စားလှယ်တော်များ၊ UNနှင့် နိုင်ငံတကာအသင်းများမှ ကိုယ်စားလှယ်တော်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်မိန့်ခွန်း မြွက်ကြားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အမှာစကားပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူမှ လူမှုကရုဏာအကူအညီ လိုအပ်ချက်များနှင့် နိုင်ငံတစ်ဝန်း ဦးတည်ဆောင်ရွက်မှုများ၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်တင်ရေးအတွက် ပိုမိုထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြောကြား ဆွေးနွေး တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများအသင်း ဖက်ဒရေးရှင်းမှ under Secretary General Mr. Jagan Chapagain က ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ရေး ဆွေးနွေးတင်ပြခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr. Stephan Pierre Sakalian က ပဋိပက္ခနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူများ အကြောင်း ကို ဆွေးနွေးခဲ့ကြပါသည်။ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေမှ ဦးဆောင်၍ ဖိတ်ကြားထားသော အတတ်ပညာရှင် အသိပညာရှင်များက ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များမှ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
13/ Sep/ 2018
= = = လားရှိုး၊ စက်တင်ဘာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လားရှိုးမြို့ နယူးပဲလေ့ဟိုတယ် (New Palace Hotel )၌ စက်တင်ဘာလ ၁၂ နေ့မှ ၁၃ ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်း အလုပ်အမှုဆောင် ဒုတိယတပ်ဖွဲ့မှူးချုပ် ဦးဂဲနက်စ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်း မှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လားရှိုးတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မေသူလင်းမှ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးပုံစံအား ရှင်းလင်းပြောကြားခြင်း ၊ ပြည်နယ်တပ်ဖွဲအုပ်ချုပ်ရေးအဖွဲ့ တပ်ဖွဲ့မှူး ဦးထွန်းထွန်းဦးမှ အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲထားသော တပ်ဖွဲ့ ဖွဲ့စည်းပုံအသစ်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် မြို့နယ် အသင်းခွဲ အမှုဆောင်များမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းခြင်း၊ အစည်းအဝေးသို့ (ဝ) နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ် ၂ မြို့နယ်၊ ခရိုင် (၄)ခရိုင်မှ ကြီးကြပ်မှုကော်မတီဝင်များ၊ (၁၃) မြို့နယ်မှ အမှုဆောင်များ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ခံများ နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ စုစုပေါင်း (၅၁) ဦးတက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ Credit; OD Dept;
08/ Sep/ 2018
=== နေပြည်တော်၊ စက်တင်ဘာလ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်း ဆိုင်ရာ စွမ်းရည်ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဌာနချုပ်၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်အလုပ် အမှုဆောင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာစီ)မှ ဌာနေကိုယ်စားလှယ် Mr.Stephan Pierre Sakalian နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူ များနှင့် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် ဆုများရရှိသော ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် - “ နိုင်ငံတစ်ဝန်းနေ့စဉ် ကြုံတွေ့နေရသည့် မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ် များနှင့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ကြုံတွေ့ရသ်ည့ ထိခိုက်ဒဏ်ရာရရှိသူများကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာ ခွဲခြားခြင်းမရှိဘဲ လူသားချင်း စာနာထောက်ထားမှုအပေါ် အခြေခံကာ ရှေးဦးပြုစုခြင်းဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင် များအားလုံးကို အထူးပင် ချီးကျူးမှတ်တမ်းတင်ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့၏ ဆောင်ပုဒ်မှာ “လမ်းပေါ်မတော်တဆဖြစ်မှုများ၊ ရှေးဦးပြုစုခြင်းဖြင့် ချက်ချင်းတုန့်ပြန်ဆောင်ရွက်ပေး” “First Response to Road Crashes” ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းနေ့စဉ်ဖြစ်ပွားနေသည့် မတော်တဆဖြစ်မှုများတွင် လမ်းမတော် တဆဖြစ်မှုများသည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ရပ်ရွာလူထုအနေဖြင့် လမ်းပေါ်တွင် အန္တရာယ် ဖြစ်ပွားနိုင်သည့် နေရာများကို သိရှိစေရေးနှင့် မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ သိရှိစေရေးအပြင် လူတိုင်း အသက်အရွယ်မရွေး ရှေးဦးပြုစုခြင်းနည်းစနစ်များ တတ်မြောက်ပြီး လမ်းပေါ်တွင် မတော်တဆဖြစ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ယုံကြည်မှုအပြည့်ဖြင့် ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်ရေးအတွက် ရပ်ရွာလူထုအတွင်း ရှေးဦးပြုစုခြင်းပညာရပ်များကို ပြန့်ပွားနိုင်စေရန် ကြက်ခြေနီစေတနာလုပ်အားရှင်များက အဓိကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သူများအား ဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူ က အမှတ်ပေးဒိုင်များကိုယ်စား နည်းပြဦးတင်ကိုအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့ပါသည်။ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ ရပ်ရွာလူထုအဆင့်ပြိုင်ပွဲ (နေပြည်တော်)တွင် ပထမဆုရရှိသည့် ရွှေလူငယ်ပရဟိတအသင်းမှ မောင်သော်လွင်ထက၊ ဒုတိယရရှိသည့် ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ မခင်စန္ဒာကျော်နှင့် တတိယဆုရရှိသည့် ရွှေလူငယ် ပရဟိတ အသင်းမှ မဇင်မာဝေနှင့် ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ မခင်မီမီလွင် တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်သိန်းဌေးက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ ရပ်ရွာလူထုအဆင့် ပြိုင်ပွဲ (ရန်ကုန်တိုင်းဒေသကြီး) တွင် ပထမဆုရရှိသူ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ မသိမ့်သိမ့်မြင့်၊ ဒုတိယဆုရရှိသည့် တွံတေးမြို့နယ်မှ မခိုင်မာဦးနှင့် တတိယဆုရရှိသည့် သာကေတမြို့နယ်မှ မောင်သက်လွင်ဦးတို့အား ICRC မှ Mr. Stephan Pierre Sakalian က ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ထို့နောက် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ အခြေခံပညာကျောင်း အဆင့်ပြိုင်ပွဲ (နေပြည်တော်) တွင် ပထမဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မဇင်ဇင်ထူး၊ ဒုတိယဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မအိမ့်ရတနာဦးနှင့် တတိယဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မောင်အောင်ပြည့်စုံ၊ အထကသဲတောကြီး လယ်ဝေးမှ မောင်ဟိန်းထက်ဖြိုးတို့အား အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ အခြေခံပညာအဆင့်ပြိုင်ပွဲ (ရန်ကုန် တိုင်းဒေသကြီး) တွင် ပထမဆုရရှိသည့် အထက၂ သာကေတမှ မယွန်းနွယ်အောင်၊ အထကခွဲ ၄ ရွှေပြည်သာမှ မောင်ဆန်းပွင့်နှင့် အထက ၁ သုံးခွ မြို့နယ်မှ မောင်ရဲဝင့်အောင်တို့အား အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းကလည်းကောင်း၊ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ တက္ကသိုလ်ကောလိပ်အဆင့်ပြိုင်ပွဲ (ရန်ကုန်တိုင်းဒေသကြီး)တွင် ပထမဆုရရှိသည့် ဒဂုံတက္ကသိုလ်မှ မောင်ပိုင်သန့်ကိုကို၊ ဒုတိယဆုရရှိသည့် ဒဂုံတက္ကသိုလ်မှ မောင်အောင်ကျော်ဟိန်းနှင့် တတိယဆုရရှိသည့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ မသီရိအောင်တို့အား အချိန်ပြည့် အလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါက်တာဒေါ်အမယာမော်နိုင်ကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ပါသည်။
02/ Sep/ 2018
= = = မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် ဘေးအန္တရာယ်ကျရောက်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ၊ သိုင်းဝကျေးရွာအုပ်စု ၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် လျှပ်တပြတ် ရေလွှမ်းမိုးခြင်းခံရသော ကျေးရွာများအနက်မှ ကနဦးဆန်းစစ်ချက်များအပေါ် မူတည်၍ ကျွန်းတောစု ကျေးရွာသို့ မိသားစုအသုံးအဆောင်ပစ္စည်းများ Family Kit (၁၇၈)ပုံး၊ တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်းများ Hygiene Kit (၂၀၀)ပုံး နှင့် အရေးပေါ်မီးဖွားသန့်စင်သုံးပစ္စည်း (၂)အိတ် တို့ကို ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဌာန၊ စီမံရေးရာဌာနမှ ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ NDRT/ERT အဖွဲ့ဝင်များအပါအဝင် ကြက်ခြေနီ စေတနာ့လုပ်အားရှင် တပ်ဖွဲ့ဝင်များ၊ ယက်ကန်းစင် ဓ္မပါလကျောင်းတိုက်ဆရာတော် အရှင်တေဇိန္နနှင့် ပရဟိတကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ ကျား (၁၉၅)၊ မ (၂၂) စုစုပေါင်း (၂၁၇)ဦးတို့မှ အမြန်လမ်းဘေး(၁၆၉)မိုင် (၃)ဖာလုံ သရက်ဆိပ်ကျေးရွာမှတဆင့် ကျွန်းတောစုကျေးရွာသို့ အသွားအပြန် (၆)နာရီကျော်သွားရောက်ကာ ပစ္စည်းများအား ကျေးရွာအရောက် ရွာသားများနှင့်အတူ ပို့ဆောင်ပေးခဲ့ပါသည်။ Credit; MRCS EOC
01/ Sep/ 2018
= = = ရေတာရှည်၊ သြဂုတ် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာ အုပ်စု၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ရုတ်တရက် ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆွာမြို့အနီးဝန်းကျင်ရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းရေဘေးသင့် ကျေးရွာများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်ဦးဆောင်သော NDRT နှင့် ERT အဖွဲ့ဝင်များမှ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ကျေးရွာအတွင်း ရေဘေးကြောင့်ထိခိုက်ခံစားရမှု အခြေအနေများနှင့် လိုအပ်ချက်များကို ကနဦးဆန်းစစ်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ အဆိုပါ ကနဦးဆန်းစစ်ချက်များအရ ရေဘေးသင့်ကျေးရွာများရှိ အိမ်ထောင်စုများအတွက် ထိရောက်သော အကူအညီ ထောက်ပံ့မှုများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျှက်ရှိကြော င်း သတင်းရရှိပါသည်။ Credit; MRCS EOC