|
RMS

လှိုင်မြို့နယ်ရှိကိုဗစ်၁၉ကုသရေးစင်တာတွင် လုပ်အားပေးမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား COVID -19 ရောဂါကာကွယ်ရေး အသိပညာပေး သင်တန်းပို့ချ

  06/ Dec/ 2020

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်ကိုဗစ်ကုသရေးစင်တာတွင် လုပ်အားပေးကြမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၁) ဦးအတွက် ကိုဗစ်၁၉ ရောဂါကာကွယ်ရေး အသိပညာ‌ပေး သင်တန်းကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ၆ ရက်၊ နေ့လည်ပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရာနေရာဖြစ်သည့် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း ၌ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာဦးတင်ထွန်း‌အောင်က ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်၁၉ကာကွယ်ရေးစနစ်တကျလုပ်ဆောင်ရမည့်အချက်များကိုရှင်းလင်းပြောကြားခြင်း၊ အသွားအလာကန့်သတ်စောင့်ကြည့်ရာနေရာမှတာဝန်ရှိသူများက PPE စနစ်တကျဝတ်ဆင်နည်းနှင့် စွန့်ပစ်နည်းကိုလက်တွေ့သရုပ်ပြခဲ့ကြပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း PPE စနစ်တကျဝတ်ဆင်နည်းနှင့် စွန့်ပစ်နည်းကိုလက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးသင်တန်းသို့ အသင်းဒုတိယအထွေထွေအတွင်းရေးမှူးနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာဒေါ်လင်းလင်းသက်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ယင်းနောက် ညနေပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဆေးသုတေသနဦးစီးဌာန(ရန်ကုန်)တွင် ကိုဗစ်၁၉ ရောဂါရှိမရှိSwap Testရယူစစ်ဆေးမှုများခံယူခဲ့ကြပါသည်။