10/ Jan/ 2020
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
= = = = = = = = = = = =
ရန်ကုန်၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌ Ms. Margareta Wahlstrom ဦးဆောင်သော အဖွဲ့အား၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့က အသင်း(ရန်ကုန်)ရုံးခွဲတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲသို့ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင်၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌ Margareta Wahlstrom ၊ Country Representative Ms. Anna Grauers Fischer နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံရာတွင် အသင်း၏ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများ၊ လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
04/ Jan/ 2020
တောင်ကြီး၊ ဇန်နဝါရီ၄။
01/ Jan/ 2020
ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ - ဒီနေ့ဟာဆိုရင် ၂၀၂၀ ခုနစ် ရဲ့ နှစ်သစ်အခါသမယဖြစ်ပါတယ်။ အခုလို နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်များနဲ့ မိဘပြည်သူအပေါင်း ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေကြောင်းနဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့အချိန်အခါမှာ နှစ်ဟောင်းက ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်အပေါင်းမှ လွန်မြောက်ကင်းဝေးကာ ကောင်းကျိုး မင်္ဂလာအဖြာဖြာနဲ့ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ နှစ်စဉ်ပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် ကမ္ဘာပေါ်မှာ သဘာ၀ ဘေးအန္တရာယ်တွေ အများအပြား ဖြစ်ပေါ်လျက်ရှိပြီး ထိခိုက်ခံစားရသူများလည်း သန်းပေါင်းများစွာရှိနေပါတယ်။ ဒီလို ထိခိုက်ခံစားရ သူများကို ကျွန်တော်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေနဲ့ အကူအညီ လိုအပ်သူ မည်သူ ကိုမဆို ကြက်ခြေနီအခြေခံမူများနဲ့အညီ ကြားနေကာ ခွဲခြားခြင်း အလျဉ်းမရှိဘဲ ဆင်းရဲ ချမ်းသာ မရွေး၊ နေရာဒေသမရွေး မေတ္တာကရုဏာ အပြည့်ဖြင့် လူမှုကရုဏာအကူအညီများ ပေးလျက်ရှိ ပါတယ်။ မိမိတို့ အသင်းသည် နိုင်ငံအတွင်း သက်တမ်းအရှည်ကြာဆုံး လူမှုကရုဏာအဖွဲ့အစည်း ဖြစ်သည့် အပြင် နိုင်ငံတော်က ဥပဒေနဲ့အညီ ဖွဲ့စည်းပေးထားပြီး နိုင်ငံတော်၏ လူမှုကရုဏာ လုပ်ငန်းများတွင် အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်နေသော အသင်းဖြစ်သည်နှင့်အညီ စေတနာလုပ်အားရှင် များအနေဖြင့် စေတနာ၊ ဝါသနာကို အရင်းခံကာ နိုင်ငံ ဂုဏ်သိက္ခာ၊ အသင်း ဂုဏ်သိက္ခာ၊ တစ်ဦးချင်း ဂုဏ်သိက္ခာကို စောင့်သိ လိုက်နာ ထိန်းသိမ်းကာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး အများပြည်သူ အတွက် လူမှုကရုဏာလုပ်ငန်းများကို ဆတက်ထမ်းပိုး စွမ်းဆောင်ပေးကြပါစေ၊ တဆက်တည်း မှာပဲ ယနေ့ခေတ် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာများကိုလည်း စဉ်ဆက်မပြတ် ဆည်းပူး လေ့လာကာ လူမှုကရုဏာလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ကြပါစေလို့ တိုက်တွန်း လိုပါတယ်။ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ ၁၃ ကြိမ်မြောက် ကြက်ခြေနီညီလာခံမှာ အသင်းနာယက နိုင်ငံတော်သမ္မတကြီး မိန့်ကြားခဲ့တဲ့ “မည်သည့်အဖွဲ့အစည်းမှ အမြဲတမ်း ပြီးပြည့်စုံခြင်း မရှိသည့် အတွက် ကြက်ခြေနီ စေတနာလုပ်အားရှင်များဟာ အခြေအနေ အချိန်အခါနှင့် လိုက်လျော ညီထွေ ရှိအောင် ပြုပြင်သင့်သည်များကို ပြုပြင်ပြောင်းလဲခြင်းများ လုပ်ရမှာဖြစ်ပြီး ပြောင်းလဲနိုင်သည့် စွမ်းဆောင်ရည်များ လိုအပ်သကဲ့သို့ ခံနိုင်ရည်လည်းရှိရမည်ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲရာတွင် ဝေဖန်ပိုင်းခြားပြီး ခွဲခြားသိနိုင်သည့် ဉာဏ်ပညာအမြော်အမြင်ရှိရန် လိုအပ်သကဲ့သို့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြဖို့နဲ့ အတွေ့အကြုံ ပေါ် မှုတည်ပြီး ရရှိ လာတဲ့ အခက်အခဲတွေ၊ သင်ခန်းစာတွေ၊ အောင်မြင်မှုတွေကို လေ့လာ ဆန်းစစ် ကာ လူမှုကရုဏာ လုပ်ငန်းတွေမှာ ထိရောက်စွာ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဆိုတဲ့ အမှာစကား အတိုင်း ၂၀၂၀ ခုနှစ် မှာလည်း မျှော်မှန်းထားသည့်အတိုင်း လူမှုကရုဏာအကူအညီ လိုအပ်နေ သူတွေကို တတ်အားသရွေ့ ကူညီပေးရင်းဖြင့် ကြက်ခြေနီ၏ သမိုင်းမှတ်တမ်းကောင်း များ ထားရစ်နိုင် ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ - ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ မွန်မြတ်လှတဲ့ လူမှုကရုဏာခရီးလမ်းကို တာဝန်ယူမှု၊ တာဝန် ခံမှု အပြည့်ဖြင့် မည်သို့သောစိန်ခေါ်မှုများ၊ အခက်အခဲများ ကြုံတွေ့စေကာမူ ဖြေရှင်း ကျော်လွန် နိုင်သော အသင်း၏ ဂုဏ်သိက္ခာ၊ ပုံရိပ်ကို ပိုမို ထွန်းလင်း တောင်ပအောင် ဆောင်ရွက်နိုင်ကြသော ကြက်ခြေနီများ ဖြစ်ကြပါစေကြောင်းနဲ့ ပြည်သူများနှင့် အတူလက်တွဲကာ ညီညီညွတ်ညွတ် ဆောင် ရွက်နိုင်ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူး အချိန်အခါသမယမှာ ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဒေါက်တာမောင်မောင်မြင့် ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁-၁-၂၀၂၀)
25/ Feb/ 2019
= = = ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၅ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျိုင်းလပ်မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်ရုံးနေရာအတွက် မြေကွက် ( ပေ ၄၀ x ၈၀) လှူဒါန်းခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဖူလိုင်ဟိုတယ်၌ ကျင်းပသော မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီအသိပညာပေးအလုပ်ရုံဆွေးနွေးပွဲတွင် ပေးအပ် လှူဒါန်းခဲ့ပါသည်။
19/ Feb/ 2019
= == ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် Unbroken Journey Completely Without Flying အစီအစဉ်ဖြင့် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၉၁ နိုင်ငံရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာ တွေ့ဆုံလျက်ရှိသည့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Goodwill Ambassador ဖြစ်သူ Mr.Torbjørn C.pedersen အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်(ရုံးခွဲ) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ Mr. Pedersen သည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ကမ္ဘာတဝန်းရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ လေယာဉ်ခရီးစဉ် လုံးဝအသုံးမပြုဘဲ ကုန်လမ်း/ရေလမ်းကြောင်းများဖြင့် ခရီးစဉ်မပြတ် သွားရောက်လေ့လာလျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၁၇၂ နိုင်ငံမြောက် လက်ခံ တွေ့ဆုံခဲ့သည့် အမျိုးသားအသင်းဖြစ်ပါသည်။ ဆက်လက်ပြီး ကျန်ရှိသော ၁၉ နိုင်ငံရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာရန် ၂၀၂၀ ခုနှစ်ထိ ကြာမြင့်မည် ဖြစ်ပြီး ၎င်း၏ ခရီးအစီအစဉ် ပြီးဆုံးမှသာ နေအိမ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။
15/ Feb/ 2019
= = = ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် Nordic House (နော်ဝေး၊ ဖင်လန်၊ ဆွီဒင်နှင့် ဒိန်းမတ်) ၌ ကျင်းပသော Nordic Day အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများ၊ ကူညီပံ့ပိုးရေး ပစွည်းများနှင့် စာအုပ်စာတမ်းများကို ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များထဲမှ ကြက်ခြေနီလှုပ်ရှားမှုများအကြောင်း သိလိုသည်များကို ရှင်းလင်း ပြောပြခဲ့ကြပါသည်။ Credit; ဦးအောင်မြင့်စိုး
11/ Feb/ 2019
= = = ပန်းတနော်၊ ဖေဖော်ဝါရီ ၁၁ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာတွင် ကလေးကယ်တစ်ဦး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ငါးစမ်းရင်းရေနစ်ခဲ့ရာ ကြက်ခြေနီတပ်ဖွဲဝင်တစ်ဦးက ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်နိုင်ခဲ့ပါသည်။ ရေချိုး၊ ငါးစမ်းနေတဲ့ ကလေးငယ်လေးဦးထဲမှ တစ်ဦးမှာ ရေအောက်ပိုင်းရှိသဲကျင်းထဲပြုတ်ကျကာ ရေနှစ်ခဲ့ရာ ရေနှစ်သူ အဖော်တွေရဲ့ အော်ဟစ်အကူအညီတောင်းခံခြင်းကြောင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက အရေးပေါ် သွားရောက် ကူညီကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ အသက်ရှုအားကူခြင်းနည်းဖြင့် ကူညီခွင့်ရရှိခဲ့တာကြောင့် ရေနှစ်သူ အသက်ရှင်သန်ခွင့်ရရှိခြင်းဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပြခဲ့ပါသည်။ ကိုးနှစ်အရွယ် ရေနှစ်သူ"မောင်ကလယ်ကြောင်"မှာ ကိုယ်ပူ/နေမကောင်းဖြစ်နေသည်မှလွဲပြီး စိုရိမ်ရခြင်းမရှိကြောင်း ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ် အကူအညီပေးခဲ့သူ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီတပ်ခွဲမှူး ဦးမျိုးညွန့်ထံကသတင်းရရှိခဲ့သည်။ Credit-မောင်ချစ်ဦး(ပန်းတနော်)
09/ Feb/ 2019
= = = ဘားအံ၊ ဖေဖော်ဝါရီ ၉ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နယူးဆောက်သ်ဝေးတက္ကသိုလ်၊ Football United တို့ ပူးပေါင်း အကောင်အထည်ဖော်သည့် ဘောလုံးအားကစားအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် လူငယ်နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၀၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ တော်ဝင်ရတနာ ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဦးဌေးနောင်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ Football United (University of New South Wales) မှ Dr.Anne Bude-Birouste နှင့် ဒေါက်တာဦးထွန်းအောင်ရွှေ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ/မြို့နယ်/ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဌများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ လူငယ်ရေးရာ ကော်မတီဝင်များ၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲများမှ လူငယ်ကိုယ်စားလှယ်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အသင်း ဥက္ကဋ္ဌမှ အားကစားအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ် နှီးနှောဖလှယ်ပွဲ ဆိုင်ရာ ကိစ္စရပ်များကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး Football United တည်ထောင်သူ Dr Anne Bunde-Birouste (University of New South Wales) မှ Sport for Social Change Movement (ဘောလုံးအားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်) ဆိုင်ရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ထို့နောက် ဘားအံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ ဒေါ်သန်းသန်းမြင့်မှ နိဂုံးချုပ်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ လူငယ်နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ် ကြက်ခြေနီအသင်းခွဲများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ တက္ကသိုလ်ကြက်ခြေနီအသင်းဝင် လူငယ်များ၏ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုအရည်အသွေးများ ပိုမို တိုးတက်စေရေး လုပ်ငန်းများကို ဘောလုံးအားကစား အခြေပြု စီမံချက်များဖြင့် တက္ကသိုလ် ကြက်ခြေနီအသင်းခွဲများတွင် ဆောင်ရွက်နေခြင်းအား အရှိန် မြင့်တင်နိုင်ရန် အတွက်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် နိုင်ငံအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် လူငယ်ကော်မတီများ ပါဝင်ရေးဆွဲနေသည့် လူငယ်မဟာဗျူဟာတွင် ဘောလုံး အားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းပုံစံအား ထည့်သွင်းနိုင်ရေး နည်းလမ်းများ ရှာဖွေနိုင်ရန်အတွက် ဖြစ်ပါသည်။ Credit; ဦးအောင်မြင့်စိုး
04/ Feb/ 2019
=== ကဝ၊ ဖေဖော်ဝါရီ ၄ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် Maxpower Thaketa ကုမ္ပဏီတို့ ပူးပေါင်း၍ ရေဘေးသင့် ဒေသများရှိ စာသင်ကျောင်းများသို့ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်း အခမ်း အနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဘန်ဒါကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြား ရေးမှူး ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးငွေရှိန်၊ ဒုတိယဥက္ကဌ ဦးမြင့်လွင်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးနိုင်ဦးနှင့် အမှုဆောင်များ၊ ကဝမြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဌ ဦးအုန်းကျော်နှင့် အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများ၊ မြို့နယ် လက်ထောက် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင် များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးငွေရှိန်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကာ ကျောင်းသား/ကျောင်းသူ ၁၆၁ ဦးအတွက် ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများကိုလည်းကောင်း၊ အသက် ၆၀ ကျော် ဘိုးဘွား ၆၀ ဦးအတွက် စောင်၊ ခြင်ထောင်တို့ကို လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းအတွက် ဆန်၊ စောင်၊ ခြင်ထောင်နှင့် ဖျာများကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။