|
RMS

  16/ Feb/ 2018

Auto Draft

စစ်တွေမြို့၊ ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ထိုင်းနိုင်ငံကြက်ခြေနီ အသင်းမှ ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနသို့ မိသားစုသုံးပစ္စည်း (Family Kit) ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံံ ကြက်ခြေနီအသင်း၊ အချိန်ပြည့်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ ထိုင်းကြက်ခြေနီ အသင်းမှ Assistant Secretary General Mr. Tej Bunnag ဦးဆောင်သော ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကိုလေးနှင့် ကော်မတီဝင်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များ၊ မြို့မိ၊ မြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အမှုဆောင် ဒေါက်တာဒေါ်အမယာ မော်နိုင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကာ ထိုင်းကြက်ခြေနီအသင်းမှ Assistant Secretary General Mr. Tej Bunnag က မိသားစုသုံးပစ္စည်းများလှူဒါန်းရသည့် အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒေါက်တာဒေါ်အမယာမောနိုင်နှင့် Mr. Tej Bunnag တို့က မိသားစုသုံးပစ္စည်းများကို ရခိုင်ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေးက လက်ခံပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဦးဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်တို့က ထိုင်းကြက်ခြေနီအသင်းသို့ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
၎င်းနောက် ထိခိုက်ခံစားရသူ မိသားစုများကိုယ်စား ကိုယ်စားလှယ် တစ်ဦးအား မိသားစုသုံးပစ္စည်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာာ ဦးဝင်းမြတ်အေးနှင့် Mr.Tej Bunnag တို့က ထောက်ပံ့ပေးအပ်ခဲ့ကာ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါ သည်။ ထိုင်းကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ထိခိုက်ခံစားရသူ မိသားစုများအတွက် မိသားစုသုံးပစ္စည်း ၁၂၀၀ အား ထောက်ပံ့လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ သိန်းကိုလည်း လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၎င်းအလှူငွေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် အမှန်တကယ်လိုအပ်လျက်ရှိသော Blood Storage Center ၁ လုံးစီကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောက်လုပ်သွားရန် စီစဉ်လျက်ရှိပါသည်။

Read More